အသားတိုးကန်တည်ဆောက်ခြင်း (Growthout Pond)
အသားတိုးကန် တည်ဆောက်ခြင်း (Structure for Growthout Pond)
အသားတိုးကန် တည်ဆောက်ရန်အတွက် ရှေးဦးစွာ ရေလှောင်ကန် (Reservoir) ကိုထားရှိပေးရပါမည်။ ၎င်းရေလှောင်ကန်ကို မိမိမွေးမြူမည့် အသားတိုးကန်၏ အပေါ်ဘက်တွင် တည်ဆောက်ပေးရပါမည်။ သို့မှသာ ရေလှောင်ကန်ထဲသို့ ရေဖြည့်သွင်းလိုက်လျှင် ၎င်းထဲမှ ရေကို ပြန်ထုတ်လိုက်သည်နှင့် တပြိုင်နက် မိမိမွေးကန်အတွင်းသို့ gravity အရ အလွယ်တကူ စီးဆင်းနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ရေသွင်းရသည့် စက်ဆီဖိုးငွေသက်သာသည့်အတွက် ကုန်ကျစရိတ် အနည်းနှင့်အများ လျော့နည်းနိုင်ပါသည်။
ရေလှောင်ကန် တည်ဆောက်တော့မည်ဆိုလျှင် မိမိတို့ တည်ဆောက်မည့်နေရာ၏ တစ်နှစ်ပတ်လုံး မိုးရေချိန် (ဘယ်လောက်များများ ရွာသွန်းသလဲ?)၊ မိုးတစ်ကြိမ်ရွာလျှင် (မိုးရေချိန်လက်မ ဘယ်လောက်တက်လဲ?)၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များမှ တစ်နှစ်ပတ်လုံး (ရေထုထည်ပမာဏ ဘယ်လောက်ထိရရှိနိုင်မည်လဲ?) ဆိုသည်ကို သိဖို့လိုပါသည်။
ရေလှောင်ကန်အတွက် တာဘောင်တွေတည်ဆောက်တော့မည်ဆိုလျှင် တာပေါ်အောက်ခြေ အုတ်မြစ်ကို သဲကြမ်း/ သဲနု (ရွှံ့စေးမြေ 20%)ပါသည့် မြေအမျိုးအစားတွေဖြင့် အုတ်မြစ်ကို သေချာ ချသင့်ပါသည်။ တာဘောင်ကိုလည်း အမြင့် (3 m)ထားပြီး တည်ဆောက်သင့်ပါသည်။ (မိမိ သိုလှောင်ထားမည့် ရေပမာဏနှင့်လည်း သက်ဆိုင်ပါသည်။) ဆင်ခြေလျှော (Slope) ကိုလည်း 3:1 (သို့) 2:1 ထားသင့်ပါသည်။ ကန်ဘောင်အောက်ခြေအကျယ်သည် ကန်ဘောင်အမြင့်ထက် 2 ဆခွဲ (သို့) 5 ဆဖြစ်သင့်ပါသည်။
သို့မှသာ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတာဘောင်၏ နိမ့်ဆင်းမှုဒဏ်များ၊ ပျက်ဆီးမှုဒဏ်များကို ခံနိုင်စွမ်းရှိမည် ဖြစ်ပါသည်။
ထို့အတူ ကန်တစ်ကန် တည်ဆောက်လိုက်ပြီဆိုလျှင် ရေသွင်းခြင်း (Inlet Gate)၊ ကန်ဖော်သည့်အခါ အလွယ်တကူ ရေထုတ်နိုင်ရန်အတွက် (Outlet Gate) များကိုပါ တစ်ပါတည်း တည်ဆောက်ဖို့လိုပါသည်။ ဥပမာအားဖြင့် - Inlet Gate ဆိုလျှင် PVC Pipe (6 လက်မ (သို့) 8 လက်မ) မိမိကန်အနေအထားအရ ထည့်သုံးရမည် ဖြစ်ပါသည်။ Outlet Gate ဆိုလျှင်လည်း (8 လက်မ (သို့) 6 လက်မ PVC Pipe များအသုံးပြုပြီး မိမိမွေးကန်ကြာလာသည်နှင့်အမျှ အောက်ရေမကောင်းတော့ဘူးဆိုလျှင် ၎င်းပိုက်အတွင်းမှ အလွယ်တကူ ဖွင့်ချ၍ စွန့်ထုတ်နိုင်ပါသည်။ ထိုနည်းတူစွာ ကန်ဖော်ချိန် (Harvest) ရောက်ပြီဆိုလျှင်လည်း ကန်ပြောင်ဖော်ရန်အတွက် ရေတံခါး (Outlet Gate)ကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် မိမိကန်အတွင်းမှ ရေများကို အပြင်သို့ စွန့်ထုတ်နိုင်ပါသည်။
အရေးကြီးဆုံးအချက်အနေဖြင့် ရေလျှံပေါက်များကို ထားရှိရပါမည်။ ရေလျှံပေါက်များထားရမည်ဆိုခြင်းမှာ နွေရာသီတွင် ကိစ္စမရှိသော်လည်း မိုးရာသီသို့ ရောက်သော် မိုးရွာချိန်အလွန်များလာသည့်အခါတွင် မိမိ၏ဘောင်ကိုကျော်၍ ရေများလျှံထွက်သွားနိုင်ပါသည်။
ထိုအခါတွင် တာဘောင်များပျက်စီးနိုင်ပြီး မိမိကန်ထဲမှ ငါး/ပုစွန်များပါ အပြင်သို့ ထွက်သွားနိုင်ပါသည်။ ထို့ကြောင့် ရေလျှံပေါက်များကို ထားသင့်ပါသည်။ ရေလျှံပေါက်ထားသည့်နေရာတွင်လည်း မိမိမွေးကန် (သို့) ရေလှောင်ကန်မှာတွင်သော်လည်းကောင်း ကန်ဧရိယာအကျယ်အဝန်းကိုကြည့်၍ 6 လက်မ (သို့) 8 လက်မ PVC Pipe များကိုအသုံးပြုသင့်ပါသည်။
မွေးကန်များ တည်ဆောက်ရန်အတွက် မှတ်ရလွယ်ကူစေရန် ဆရာများပေးထားသော လင်္ကာအချိုးလေးမှာ - "ချိုး၊ ယာ၊ နက်၊ ဘောင်၊ ဖမ်း၊ ထုတ်" ဖြစ်ပါသည်။
(၁) ချိုး - အချိုးအစား
မိမိရွေးချယ်ထားသည့် မြေမျက်နှာသွင်ပြင်အား အလျား၊ အနံကို မည်မျှစီထားမည့်အကြောင်း တွက်ချက်ရပါမည်။
(၂) ယာ - ဧရိယာ
မိမိကန်ကို (၁)ဧက၊ (၂)ဧက၊ (၁၀)ဧက (သို့) (၂၀)ဧက စသည်ဖြင့်တွက်ချက်ရပါမည်။
(၃) နက် - အနက်
မိမိမွေးမြူမည့် ငါးအမျိုးအစား၊ ပုစွန်အမျိုးအစားပေါ်မူတည်ပြီး ရေအနက်ကို တူးပေးရမည်ဖြစ်သည်။ ဥပမာအားဖြင့် - ငါးမြစ်ချင်း (Rohu)၊ ငါးကြင်း (Carp)၊ တီလားပီးယား (Tilapia) တို့ကို မွေးမြူမည်ဆိုလျှင် ရေအနက်ကို 5 ပေ၊ 6ပေနှင့် 7 ပေထားပေးသင့်ပါသည်။ ငါးတန် (Pangasius) မွေးမြူမည်ဆိုလျှင် ရေအနက်ကို 10 ပေ၊ 15 ပေ ထားသင့်ပါသည်။
(၄) ဘောင် - တာဘောင်
မိမိမွေးကန်ဘေးမှတာဘောင်များပေါ်တွင် လူများလမ်းလျှောက်ရုံပဲလား၊ (သို့) ကားများ၊ ထော်လာဂျီများပါမကျန် သွားနိုင်အောင်စီစဥ်မလားဆိုသည့်အပေါ်တွင် မူတည်ပြီး ဘောင်များကိုတည်ဆောက်ရပါမည်။
(၅) ဖမ်း - ဖမ်းဆီးခြင်း
မိမိမွေးမြူထားသည့် ငါး/ပုစွန်များကို Partial Harvest (သို့) Final Harvest သော်လည်းကောင်း လွယ်လင့်တကူ ဖမ်းဆီးနိုင်အောင် စီစဥ်ထားရပါမည်။
(၆) ထုတ် - ရေထုတ်ခြင်း
မိမိကန်မှ ရေမကောင်းသည့်အခါ/Partial Harvest လုပ်သည့်အချိန်မျိုးတွင် ရေကို (30% (သို့) 50%) ထုတ်ပေးပြီး ပြန်သွင်းပေးရပါမည်။ Final Harvest ပြုလုပ်သည့်အခါမျိုးတွင်လည်း ရေများကို အလွယ်တကူ ထုတ်နိုင်အောင် စီစဥ်ထားရပါမည်။
ထို့ကြောင့် ကန်တစ်ကန်တူးတော့မည်ဆိုလျှင် အလွယ်နည်းဖြင့်ပေးထားသော လင်္ကာအချိုးလေးကိုမှတ်သားထားပြီး အဆိုပါ (၆)ချက်ကို ထည့်သွင်းစဥ်းစားပြီးမှသာ တည်ဆောက်သင့်ပါသည်။
ဆက်လက်ပြီး မြေသားကန် (Growthout pond) အတွက် ကျောက်ပျဥ် ( Plate Form) ပုံစံ၊ ပျိုးကန်/ဖွကန် (Nursery Pond) အတွက် ပြင်ညီပုံစံမျိုး တူးလေ့ရှိကြပါသည်။ အရေးအကြီးဆုံးအချက်အနေဖြင့် မိမိကန်ကို တူးပြီဆိုလျှင် လေလမ်းနှင့်အပြိုင် ကန်ကိုတည်ဆောက်ပေးရပါမည်။ သို့မှသာ လေတိုက်သည့်အခါရေလှိုင်းတွေကြောင့်ဖြစ်လာမည့် တာဘောင်များကို မတိုက်စား၊ မပျက်စီးအောင် ကာကွယ်နိုင်မည်ဖြစ်ပါသည်။
နောက်တစ်ချက်အနေဖြင့် မိမိကန်ကို (Intensive, Semi- Extensive, Extensive, Extensive Plus (or) Integrated Fish Farming, etc.) စသည်ဖြင့် မိမိဘယ်လိုပုံစံဖြင့်မွေးမြူမည်ဆိုသည်ကို အရင်ဦးဆုံးစဥ်းစားရပါမည်။ ထိုကဲ့သို့ စဥ်းစားပြီးမှ မိမိနေရာအနေအထားနှင့် ပိုမိုသင့်လျော်မည့် ကန်ပုံစံကိုစနစ်တကျတူးဖော်ပေးရပါမည်။ထိုမှသာ ငွေကြေးကုန်ကျစရိတ်များကို ကြိုတင်ခန့်မှန်းနိုင်မည်ဖြစ်ပါသည်။
ယခုကဲ့သို့ စနစ်တကျအစီအစဥ်ဆွဲပြီး သေချာစွာ ပြုလုပ်ခြင်းကြောင့် မိမိ၏ မွေးမြူရေးလုပ်ငန်းမှာလည်း အောင်မြင်တိုးတက်ရန် မလွဲဧကန်ဖြစ်ပေသည်။ ထို့ကြောင့် ကန်တစ်ကန်တူးတော့မည်ဆိုလျှင် Strategy Plan ကိုသေချာစွာချပြီး အထက်ဖော်ပြပါ အချက်များကို ထည့်သွင်းစဥ်းစားပြီးမှသာ တူးဖော်သင့်ပါကြောင်း အကြံပြုဆွေးနွေးလိုပါသည်။
Myint Zaw
Aquaculture Technician

.jpg)





Comments
Post a Comment