သားဖောက်စခန်းအတွက် မြေနေရာရွေးချယ်ခြင်း ( Site Selection for Hatchery)
သားဖောက်စခန်းအတွက် မြေနေရာရွေးချယ်ခြင်း ( Site Selection for Hatchery)
သားဖောက်စခန်း မြေနေရာရွေးချယ်ခြင်းသည် ကောင်းမွန်သော ငါးသားပေါက်များ ရရှိရေးဖြစ်ပြီး အောင်မြင်မှုနှင့် အကျိုးအမြတ်များပါ ရရှိရန်အတွက် အရေးပါဆုံးဖြစ်ပါသည်။
သားဖောက်စခန်း မြေနေရာရွေးချယ်တော့မည်ဆိုလျှင် အောက်ပါအချက်များကို ထည့်သွင်းစဥ်းစားပေးရပါမည် -
(၁) သယ်ယူပို့ဆောင်ရေး (Transportation)
(၂) လျှပ်စစ်စွမ်းအင် အရင်းအမြစ် ( Source of Electric Power)
(၃) ကျွမ်းကျင် အလုပ်သမားရရှိနိုင်မှု (Skill Labour)
(၄) စျေးကွက် (Market)
(၅) ရေအရင်းအမြစ် (Water Resources)
ဒေသရဲ့ စီးပွားအရေးအခြေအနေ ( Social Economics)
( ၁) သယ်ယူပို့ဆောင်ရေး (Transportation)
သားဖောက်စခန်းတစ်ခုတည်ဆောက်တော့မည်ဆိုလျှင် သယ်ယူပို့ဆောင်ရေးသည် လွန်စွာမှ အရေးကြီးသော အချက်ဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောကြောင့် မိမိတို့သားဖောက်စခန်းမှထွက်လာသော ငါး/ပုစွန်သားပေါက်များကို လာရောက်ဝယ်ယူသူများလည်း အဆင်ပြေလွယ်ကူချောမွေ့ပြီး မိမိတို့အနေဖြင့်လည်း သားပေါက်စခန်းအတွက် လိုအပ်သည့် ပစ္စည်းများ၊ အစာများ၊ ဆေးဝါးများ စသည်တို့ကို သွားရောက်ဝယ်ယူရန် အဆင်ပြေလွယ်ကူချောမွေ့လှပါသည်။
ထို့ကြောင့် သားဖောက်စခန်းတစ်ခု တည်ဆောက်တော့မည်ဆိုလျှင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် ရေလမ်း၊ ကုန်းလမ်းအဆင်ပြေ ချောမွေ့နိုင်မည့် နေရာများကို အဓိက ဦးစားပေးစေလိုပါသည်။
(၂) လျှပ်စစ်စွမ်းအင် အရင်းအမြစ် (Source of Electric Power)
သားဖောက်စခန်းတစ်ခုအတွက် ဒုတိယအနေဖြင့် အရေးကြီးဆုံးမှာ လျှပ်စစ် စွမ်းအင် အရင်းအမြစ်ဖြစ်ပါသည်။ တချို့နေရာများတွင် လျှပ်စစ်မီးမရရှိခြင်းကြောင့် အင်ဂျင်နှင့် ဒိုင်နမိုများကို အသုံးပြုနေရသဖြင့် ၎င်းတို့ထဲသို့ ထည့်ပေးရသည့် ဆီစျေးမှာ လျှပ်စစ်ကိုအသုံးပြုရသည့် မီတာဖိုးနှင့်ယှဥ်လျှင် ကုန်ကျစရိတ်ပိုများပါသည်။ ထို့အတူ သားပေါက်စရိတ်မှာလည်းကုန်ကျစရိတ်ပိုများသွားသည့်အတွက် မိမိတို့ဆီမှ ဝယ်ယူသည့် သူများအနေဖြင့်လည်း အဆင်မပြေဖြစ်တတ်ပါသည်။ ထို့ကြောင့် လျှပ်စစ်မီးရရှိမှုမှာလည်း လွန်စွာ အရေးကြီးလှပါသည်။
(၃) ကျွမ်းကျင် အလုပ်သမားရရှိနိုင်မှု (Skill Labour)
အလုပ်သမား ရရှိနိုင်မှုသည်လည်း လွန်စွာအရေးကြီးပါသည်။တချို့နေရာဒေသများတွင် အလုပ်သမားအခက်အခဲများရှိပါသည်။ အလုပ်သမားမရှိသောကြောင့် မိမိတို့၏လုပ်ငန်းကို နှောင့်နှေးကြန့်ကြာစေပါသည်။ ဥပမာ - (၆) ယောက်လုပ်ရမည့်နေရာတွင် (၃)ယောက်နှင့်သာလုပ်ရခြင်း၊ (၄) ယောက်လုပ်ရမည့်အစား (၂) ယောက်နှင့်သာလုပ်ရခြင်းမျိုးဖြစ်သည့်အတွက် မိမိတို့၏လုပ်ငန်းကို အချိန်မီမပြီးစီးနိုင်ပဲ နှောင့်နှေးကြန့်ကြာသွားသောကြောင့် ကုန်ထုတ်လုပ်မှုအပိုင်းတွင်
အနည်းနှင့်အများ လာရောက်ထိခိုင်ပါသည်။ ထို့အတူ ကျွမ်းကျင်ဝန်ထမ်းမရှိလျှင်လည်း မိမိတို့၏ကုန်ထုတ်လုပ်မှုအပိုင်းတွင် အနည်းနှင့်အများ ထိခိုက်စေနိုင်ပါသည်။
ထို့ကြောင့်မို့ ကျွမ်းကျင်ဝန်ထမ်းရရှိမှုမှာလည်း သားဖောက်စခန်းတစ်ခုအတွက် လွန်စွာ အရေးပါလှပါသည်။
(၄) သင့်တော်သော အကွာအဝေးရှိသည့်နေရာ (Property Infrastructure)
မိမိတို့သားဖောက်စခန်းအတွက် လိုအပ်သည့်ဆေးဝါးများ (ထုံး၊ ဒိုလိုမိုက်၊ ကလိုရင်း၊ အိုင်အိုဒင်း၊ ဖော်မလင်) စသည်တို့ကို ဝယ်ယူရန်အတွက် သင့်လျော်သည့် နေရာမျိုးဖြစ်ရန် လိုအပ်ပါသည်။ မိမိတို့ သားဖောက်စခန်းမှထွက်ရှိသော ငါး/ပုစွန်သားပေါက်များကို မိမိတို့ဆီမှဝယ်ယူသည့် အသားတိုးမွေးမြူမည့်သူများထံသို့ ပို့ဆောင်ပေးရမည်ဖြစ်သည့်အတွက် ထိုသူများမှာလည်း မိမိတို့သားဖောက်စခန်းနှင့် သင့်လျော်သော အကွာအဝေးတွင် ရှိရန်လိုအပ်လှပါသည်။
ထိုသို့ သင့်တော်သော အကွာအဝေးရှိခြင်းကြောင့် မိမိတို့၏လုပ်ငန်းမှာလည်း အောင်မြင်မှုများ ရရှိနိုင်ပါသည်။
(၅) ရေအရင်းအမြစ် (Water Resources)
သားဖောက်စခန်းတစ်ခုတည်ဆောက်တော့မည်ဆိုလျှင် ရေအရင်းမြစ်ကောင်စွားရရှိဖို့ရန် အလွန်အရေးကြီးပါသည်။
မိမိတို့သားဖောက်စခန်းသည် စက်ရုံ၊ အလုပ်ရုံများ၊ လယ်ယာစိုက်ခင်းများနှင့် နီးနေလျှင် ၎င်းတို့ဆီမှစွန့်ထုတ်လိုက်သော ဓါတုဆေးဝါး အကြွင်းအကျန်များ၊ ပိုးသတ်ဆေးများ၊ အညစ်အကြေးများသည် သားဖောက်စခန်းတွင် အသုံးပြုရမည့်ရေ၌ ပါဝင်နိုင်သည့်အတွက် မိမိတို့သားဖောက်စခန်းအတွက် များစွာထိခိုက်စေနိုင်ပါသည်။
သို့ဖြစ်ပါ၍ မိမိတို့သားဖောက်စခန်းသည် စက်ရုံ၊ အလုပ်ရုံများ၊ လယ်ယာစိုက်ခင်းများနှင့် ဝေးသည့်နေရာဒေသများတွင် တည်ဆောက်သင့်ပါသည်။
(၆) ဒေသ၏စီးပွားရေးအခြေအနေ (Social Economics)
သားဖောက်စခန်းတည်ဆောက်မည့်နေရာ၏ ပတ်ဝန်းကျင်လူမှုစီးပွားရေးအခြေအနေကိုလည်း သိထားသင့်ပါသည်။
ဥပမာအားဖြင့် ငါး/ပုစွန်ဖောက်မည်ဆိုလျှင် ကိုယ်ရွေးချယ်ထားသည့် နေရာဒေသတွင် တောင်သူများသည် မည်သည့် ငါး/ပုစွန်အမျိုးအစားများ မွေးမြူနေကြသည်ဆိုသည်ကို အရင်ဦးစွာ လေ့လာထားသင့်ပါသည်။
၎င်းကိုအခြေခံပြီး မိမိတို့ သားဖောက်စခန်းကို ဆောက်သင့်၊ မဆောက်သင့် စဥ်းစားဆုံးဖြတ်ရပါမည်။ ဥပမာ - ရေငံပုစွန်ကိုဖောက်မည်ဆိုလျှင် (ငွေဆောင်၊ ကျောက်ဖြူ) စသည့် ပင်လယ်နှင့်နီးသည့်နေရာများတွင် ဖောက်မှသာ သားပေါက်ဝယ်ယူမည့်သူများဆီသို့ အဆင်ပြေချောမွေ့စွာဖြင့် ရောက်ရှိနိုင်မည်ဖြစ်ပါသည်။ သို့မှသာ နှစ်ဦးနှစ်ဖက် အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ပါသည်။
ဒေသ၏ စီးပွားရေးအခြေအနေနှင့်သင့်လျော်သော အကွာအဝေးရှိသည့်နေရာတွင် မိမိတို့သားဖောက်စခန်းကို တည်ဆောက်ထားမည်ဆိုလျှင် စျေးကွက်အခြေအနေမှာ အများကြီးတိုးတက်လာနိုင်ပါသည်။ သားဖောက်စခန်းမှ ထွက်ရှိလာသည့် သားပေါက်များကို ဝယ်ယူသူများထံသို့ တိုက်ရိုက်ပို့ပေးနိုင်သောကြောင့် ငါး/ပုစွန်မွေးသည့် တောင်သူများမှာ ကုန်ကျစရိတ်သက်သာစွာဖြင့် ဝယ်ယူနိုင်ပါသည်။ ငါး/ပုစွန်သားပေါက်များမှာလည်း ကျန်းမာသန်စွမ်းစွာဖြင့် မွေးမြူသူများလက်ထဲသို့ အချိန်တိုအတွင်း ရောက်ရှိသောကြောင့် နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိစေပါသည်။ စျေးကွက်သဘောတရားအရ ယှဥ်ပြိုင်ခြင်းဖြစ်သည့်အတွက် ၎င်းအချက်များကို မှီငြမ်းပြီး ဆောင်ရွက်မည်ဆိုလျှင် အောင်မြင်မှုရရှိပါမည်။
သို့ဖြစ်ပါ၍ သားဖောက်စခန်းတစ်ခု တည်ဆောက်တော့မည်ဆိုလျှင် အထက်ဖော်ပြပါ အချက်များကို အဓိကထားစဥ်းစားပြီး မြေနေရာကို ရွေးချယ်သင့်ပါသည်။
မြင့်ဇော်
ရေနေသတ္တဝါမွေးမြူရေးပညာရှင်












.jpg)





Comments
Post a Comment